သတ်ကွင်း(ကျော်သူ)


ရန်သူ...။

အပေါ်ကရန်သူကို အောက်သို့ရောက်လာအောင်ဖျားယောင်း၊ အောက်က ရန်သူကို အပေါ်သို့ရောက် လာအောင် မြူဆွယ်၊ အရပ် (၈) မျက်နှာက ရန်သူများကို တည်ကြက်လုပ်ပြီး ကျုံးသွင်း၊ စသဖြင့် . . . ဖျားယောင်းခြင်း၊ မြူဆွယ်ခြင်း၊ ကျုံးသွင်းခြင်း၊ မှိုင်းတိုက်ခြင်း၊ ချောင်ပိတ်ခြင်း၊ ထောင်ခြောက်ဆင်၍ ရန်သူကို အမိအရဖမ်းဆီးသတ်ဖြတ်ခြင်းတို့ လုပ်ရန် အချိန်ရောက်ပြီဖြစ်သည်။

ရန်သူတို့သည် ကျွန်တော်၏ ပစ်မှတ်အတွင်းသို့ ရောက်နေပြီဖြစ်သည်။ ကျွန်တော်နှင့် ကျွန်တော်၏ သွေးသောက်များ၏ အင်အားတစ်ရပ်ထဲနှင့် ထိုရန်သူတို့ကို နှိမ်နှင်း၍မရ။ အများအား၊ ပြည်သူ့အားနှင့် တက်ညီလက်ညီ စည်းလုံးညီညွတ်စွာ သစ္စာသွေးသောက်ပြီး ရဲရဲတောက် နှိမ်နင်းမှရမည့် ရန်သူပင်ဖြစ်သည်။

ဤရန်သူသည်...မာယာများသည်။
ဤရန်သူသည်...ပရိယာယ်ကြွယ်ဝသည်။
ဤရန်သူသည်...ကလိမ်ကကျစ်ကျသည်။
ဤရန်သူသည်...အတ္တကြီးသည်၊ ရက်စက်သည်။ မိုးလုံးပြည့်မုသာဝါဒသုံးသည်၊ သွေးထိုးတတ်သည်၊ သပ်ရှိုတတ်သည်၊ အကောက်ကြံတတ်သည်။

လူမျိုးတုံးအောင်လုပ်မည့်ရန်သူ၊ အမျိုးဖျက်မည့်ရန်သူ၊ သာသနာဖျက်မည့်ရန်သူ၊ တစ်ကိုယ်ကောင်းဆန်သည့်ရန်သူ. . . မည်သို့သောရန်သူဖြစ်စေကာမူ . . . ကျွန်တော်တို့စည်းလုံးမည်၊ စိတ်ဓာတ်ခိုင်မာမည်။ လက်တွဲမဖြုတ်၊ ကြံ့ခိုင်မှုရှိမည်ဆိုပါက ချေမှုန်းနိုင်မည်ဖြစ်သည်။

သတ်ဖြတ်ခြင်း၊ နှိမ်နှင်းခြင်း၊ ဖမ်းဆီးခြင်း၊ ကျုံးသွင်းခြင်းစသည့် စကားလုံးများကို သုံးခြင်းမှာ ကျွန်တော်နိုင်ငံရေးလုပ်နေခြင်းမဟုတ်၊ နိုင်ငံရေးလှုံဆော်စာလည်းမဟုတ်၊ အရေးအခင်းဖြစ်အောင်လုပ်မည့်သူမဟုတ်၊ဆူပူနှောက်ယှက်မည့်သူမဟုတ်။

ကျွန်တော်...နိုင်ငံရေးသမားမဟုတ်။
ကျွန်တော်...လူမှုရေးသမား။
ကျွန်တော်...နိုင်ငံရေးကိုမသိ။
ကျွန်တော်...လူမှုရေးသမားသာသိသည်။

သို့သော် . . . နိုင်ငံရေးကောင်းလျှင် လူမှုရေးသမားများသက်သာမည်၊
နိုင်ငံရေးညံ့လျှင် လူမှုရေးသမားများပင်ပန်းမည်ဖြစ်သည်။

နိုင်ငံရေးဆိုသည်မှာ လှည့်စားတတ်သည်။
လူမှုရေးဆိုသည်မှာ ရိုးစင်းသည်။ ဖြူစင်သည်။ ဖြောင့်မတ်သည်။ ငြိမ်းချမ်းသည်။

သို့သော် . . . ဖြူစင်ဖြောင့်မတ်၊ ရိုးသား၊ တည်ကြည်၊ ငြိမ်းချမ်းသော လူမှုရေးလုပ်ငန်းကို အမဲဆိုး၊ (အနက်ရောင်ဆိုး) မည့် ဒိဋ္ဌိအယူဝါဒသမား၏ ဖျက်ဆီးမှု၊ တိုက်ခိုက်မှု၊ နှောက်ယှက်မှုများရှိနေသည်။
သူတို့ . . . သူတို့သာလျှင် ငြိမ်းချမ်းမှုကို ဖျက်ဆီးမည့် ဘုံရန်သူဖြစ်တော့သည်။

ကျွန်တော်ပြောခဲ့ဖူးပါသည်။ ကျွန်တော်ရေးခဲ့ဖူးပါသည်။ ကျွန်တော်ရိုးသားစွာ အဖြူထည် လူမှုရေး၊ လုပ်ငန်းစဉ်များကို တင်ပြခဲ့ဘူးပါသည်။ ကုသိုလ်ယူရမည့် ကိစ္စရပ်များ၊ ကိုယ်ချင်းစာစိတ်များပွားများရေး၊ ဗြဟ္မစိုရ်တရား (၄) ပါးလက်ကိုင်ထားရေး၊ သီလလုံရေး၊ အယူသည်းမှုပပျောက်ရေး၊ မိစ္ဆာဒိဋ္ဌိအယူရှိသူများအကြောင်း . . . များစွာ၊ များစွာ ပြောခဲ့ဖူးပါသည်။

(ဥပမာအားဖြင့် . . . တဏှာ့ကျွန်မခံပြီ၊ အခမဲ့ ကိုယ်ထည်၊ ရိက္ခာ၊ ခုတ်မယ် . . .ထစ်မယ် . . .ပါးပါးလှီးမယ်၊ နယ်ကျွန်ထွက်ပေါက်၊ သေသောသူသည် သုဿန်သို့ သက်သက်သာသာ သွားသင့်သည်၊ လှူမယ် တန်းးမယ် သာသနာပြုမယ်၊ မသေဆေးစားကြသူများ . . . စသဖြင့် နောက်ဆုံး . . . (အမွေ၊ ကတ်ကင်း၊ နှင့် ရှင်းတမ်း) တို့ဖြစ်ကြသည်။

မြန်မာပြည်တွင်းရှိ ပြည်သူပြည်သားများနှင့် ပြည်ပရောက် မြန်မာလူမျိုးတော်တော် များများသည် မိစ္ဆာဒိဋ္ဌိ အယူဝါဒသမား၏ အယူစွဲ၊ အမှားစွဲ၊ အယူသည်းမှုများကို သိရှိပြီးဖြစ်ကြသည်။

ထို့ကြောင့် ကျွန်တော်တို့၏ ရန်သူကို မြင်နေရပြီဖြစ်သည်။ ထိုရန်သူတို့၏ ပရိယာယ်ကြွယ်မှု၊ သပ်ရှိုမှု၊ ဖြားယောင်းသွေးဆောင်မှု၊ လက်တွင်းသို့ မရောက်အောင် ကျွန်တော်တို့ အထူးသတိထားရမည်။ စိတ်ဓာတ်တို့ကိုကြံ့ကြံ့ခိုင်ကာ ရဲရဲရင့်ရင့်တွန်းလှန် တိုက်ဖျက်ရတော့မည်။ ရန်သူအား အမြစ်ပါမကျန် တိုက်ခိုက်ရတော့မည်။

ပစ်မှတ်ကိုသိလျှင် ထိအောင်ပစ်ဖို့က မိမိတို့တာဝန်ပင်ဖြစ်တော့မည်။ မိမိတို့၏ ကိုယ်တွင်းကိုယ်ပမှာရှိတဲ့ ကိလေသာဟူသော မိစ္ဆာဒိဋ္ဌိအယူဝါဒ ရန်သူတို့ကို ပြည်တွင်းပြည်ပမှာရှိသည့် မြန်မာပြည်သူ ပြည်သားများက စည်းလုံးညီညွတ် လက်တွဲမဖြုတ် စိတ်ဓာတ်ခိုင်ခိုင်၊ တွန်းလှန်တိုက်ခိုက်ရန် အချိန် ရောက်ပြီ ဖြစ်ပါသည်။ ဒါမှ . . . “ကမ္ဘာမှာ မြန်မာဟေ့”ဟု ရင်ကော့၍ မော်ကြွားနိုင်မည် ဖြစ်သည်။

ကျွန်တော်လူမှုရေးလုပ်ကိုင်ပါသည်။
အများကတော့ ကျွန်တော်သည် ကုသိုလ်တွေ အများကြီးရနေပြီဟု ထင်ကြပါသည်။
သို့သော် . . . ကျွန်တော်သည် ကုသိုလ်တစ်ပဲ . . . ငရဲတစ်ပိဿာရနေပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ကျွန်တော် လုပ်နေသည့် လုပ်ငန်းဆောင်ချက်များသည် အများအကျိုးအတွက် ထမ်းရွက်လုပ်ဆောင်သည်ဟု ဆိုသော်လည်း ဤကောင်းမှုလုပ်ငန်းကြီးတွင် နှောင့်ယှက်သူ၊ ဟန့်တားသူ၊ တားမြစ်သူ၊ ဖျက်ဆီးသူမှန်သမျှကို လေလှိုင်းမှ တစ်ဆင့်သော်လည်းကောင်း၊ စာပေထက်မှသော် လည်းကောင်း၊ FACEBOOK မှသော်လည်းကောင်း၊ ကာယကံ၊ ဝဇီကံ၊ မနောကံတို့ဖြင့် ပြန်လည်ဖြေရှင်း တုန့်ပြန်မှုများကို လုပ်ခဲ့ရသည်ဖြစ်၍ အကုသိုလ်များပင် ရခဲ့သည်။ အပယ်သို့ လားတော့မည်လား . . . မသိ။

သို့သော် ကျွန်တော်တို့၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်သူလူထုအား ပြောကြားထားသော စကားစုအရ . . .

“သုဂတိသွားရာ တံခါးပေါက်သည် မည်မျှပင် ကျဉ်းမြောင်းသည် ဖြစ်စေ ယမမင်း၏ ခွေးရည်ပုရပိုက်၌ ငါ၏အပြစ်တွေ မည်မျှပင် ရေးမှတ်ထားသည် ဖြစ်စေ ငါကားဂရုမပြု” ဟူသောစာပိုဒ်သည် ကျွန်တော့်အတွက် မဟာအားဆေးတစ်ခွက်ပင် ဖြစ်တော့သည်။

ထို့ကြောင့် ကျွန်တော်တို့၏ ဘုံရန်သူဖြစ်သော အယူမှား၊ အစွဲမှား၊ ဒိဋ္ဌိဝါဒများအား သိရှိပြီးသည်နှင့်အညီ ကျွန်တော်တို့၏ သတ်ကွင်းထဲသို့ ဝင်ရောက်နေသော ရန်သူတို့ကို ဇွဲရှိရှိ၊ သစ္စာရှိရှိ ဥမကွဲ၊ သိုက်မပျက်၊ စည်းလုံးညီညွတ်စွာ တိုက်ခိုက်တွန်းလှန် ဟန့်တားကြမည်ဆိုပါက ငြိမ်းချမ်းသာယာ စိုပြည်လှပသော လူ့ဘုံတစ်ရပ် ပျော်ရွှင်ဖွယ်၊ နေချင်ဖွယ် ကမ္ဘာကြီးတစ်ခု တည်ဆောက်နိုင်တော့မည် ဖြစ်ပါကြောင်း . . . ။

ကျော်သူ

Read More!

၆၃ ကြိမ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားဂျပန်တွင်ကျင်းပ




တိုကျို၊ ဖေဖေါ်ဝါရီ (၈)
သန့်မျိုးထွေး
ရှမ်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှဦဆောင်၍ ရှမ်းပြည်နယ်နေ့အခမ်းအနားကို ဂျပန်နိုင်ငံတိုကျိုမြို့တွင် ယမန်နေ့ကပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်၍ ပင်လုံစာချုပ်မချုပ်ဆိုမှီ ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ (၇)ရက်နေ့တွင် ရှမ်းခေါင်းဆောင်များနှင့်စော်ဘွားများ ပင်လုံမြို့တွင် အချင်းချင်းပြန်လည်တွေ့ဆုံသည့်အထိမ်းအမှတ်အဖြစ် ယင်းနေ့ကို “ရှမ်းအမျိုးသားနေ့”ဟုသတ်မှတ်၍ခေါ်ဆိုခဲ့သော်လည်း ယခုနောက်ပိုင်း နအဖလက်ထက်တွင် ရှမ်းအမျိုးသားနေ့အစား ရှမ်းပြည်နယ်နေ့ဟုပြောင်းလဲခေါ်ဝေါ်သတ်မှတ်ခဲ့ကြောင်းသိရသည်။
"အရင်ကတော့ အမျိုးသား၊ အမျိုးသားလို့ပြောရင် အမျိုးသားရေးလဏ္ခာတွေ ထင်ရှားပေါ်ပေါက်လာမှာစိုးလို့နဲ့တူပါတယ်။ နောက်ပိုင်မှာ ရှမ်းပြည်နယ်နေ့လို့ခေါ်ဝေါသတ်မှတ်ခဲ့တယ်၊ သို့သော်လည်းဘဲ အခုလိုပြည်ပရောက်နေတဲ့ရှမ်းတွေဘဲဖြစ်ဖြစ်၊ ပြည်တွင်းကရှမ်းတွေဘဲဖြစ်ဖြစ် ရှမ်းအမျိုးသားနေ့လို့ဘဲခေါ်ပါတယ်။"ဟုအဆိုပါအသင်းမှတာဝန်ရှိသူတဦးမှပြောပြသည်။
ဆက်လက်၍ ၄င်းမှ"ကျနော်တို့က နည်းမျိုးစုံနဲ့ဂျပန်ကိုရောက်လာတယ်၊ နိုင်ငံရေးလှုပ်ရှားတာတွေရှိသလို မိမိဟာဘာလုပ်တယ်ဆိုတာ ပဓာနမထားဘဲ ရှမ်းအမျိုးသားနေ့လို့ဘဲ တသတ်မှတ်တည်းကြွေးကြော်ကြတယ်၊ သို့သော်ကျောင်းနဲ့လာတဲ့သူတွေ၊ အခြားနေထိုင်ခွင့်နဲ့နေတဲ့သူတွေဟာ နိုင်ငံရေးနဲ့မပါတ်သတ်တဲ့သူတွေဟာ ရှမ်းအမျိုးသားနေ့လို့ပြောပြီးလာရင် သူတို့အတွက် ခက်ခဲနိုင်တဲ့အတွက် ရှမ်းပြည်နယ်နေ့လို့ဘဲ ခေါ်ဝေါ်ပြီးကျင်းပပေးခြင်းဖြစ်ပါတယ်"ဟုရှင်းပြသည်။
အဓိကအားဖြင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုသည် ယနေ့အချိန်အထိတည်ရှိနေ၍၊ ရှမ်းစာပေနှင့် ရှမ်းရိုးရာအ၀တ်အစားများ၊ ရှမ်းစကားများလည်းပြောဆိုနေကြကြောင်း၊ ရှမ်းအစားအစာများကိုလည်း ပြသကျွေးမွေးလိုပြီး ဂျပန်ရောက်ရှမ်းအမျိုးသားများအချင်းချင်း ပြန်လည်တွေ့ဆုံလိုသောရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
အခမ်းအနားတွင် ထူးကဲ၍အရသာအမျိုးမျိုးစုံလင်လှသော ရှမ်းအစားအစာများကို တက်ရောက်သူများက များစွာစိတ်ပါဝင်စား၍ စားသုံးကြည့်ကြသည်ကိုတွေ့ရှိခဲ့ရပြီး ရှမ်းရိုးရာတေးသီချင်း၊ ကိန္နရီ၊ ကိန္နရာအက၊ သိုးနယားအကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ဂျပန်နိုင်ငံတွင် (၁၇)ကြိမ်မြောက်အဖြစ်ကျင်းပသည့် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ဂျပန်ရောက်ရှမ်းတိုင်းရင်းသားများ၊ စိတ်ပါဝင်စားသူမြန်မာလူမျိုးများနှင့်ဂျပန်လူမျိုးများအပါအ၀င် လူဦးရေ(၃၀၀)ကျော်ခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။
Read More!

ဂျပန်ရောက် သျှမ်းတိုင်းရင်းသားများ ကျင်းပပြုလုပ်ခဲ့သည့်(၆၃)ကြိမ်မြောက် သျှမ်းပြည်နယ်နေ့အခမ်းအနား



Read More!

ကိုမေတ္တာဦးဆောင်ဖျော်ဖြေခဲ့သည့် TOKYO SAKURA အငြိမ့် ဖျော်ဖြေတင်ဆက်ခဲ့မှု(ပထမပိုင်း)၆-၂-၁-၂၀၁၀


ကိုမေတ္တာ၊ မိုးဒီ၊ မောစ့်၊ ခင်လှိုင်၊ လင်းဇာနည်ဇော်နှင့် မိုးပြည့်ပြည့်မောင် Read More!

(၄၉)နှစ်မြောက်ကချင်တော်လှန်ရေးနေ့နှင့် မေခ-မလိခမြစ်ဆုံအားဖျက်ဆီးကာ ရေကာတာတည်ဆောက်ခြင်းကို ကန့်ကွက်ဆန္ဒပြပွဲတရပ်ပြုလုပ်


ယနေ့(ဖေဖော်ဝါရီ ၅ ရက်) SHINAGAWAရပ်ကွက်ရှိ မြန်မာ့အကောက်ခွန်ရုံးရှေ့တွင် ကချင် အမျိုးသားအစည်းအရုံး(ဂျပန်)(KNO-KACHIN NATIONAL ORGANIZATION-JAPAN)မှ ဦးဆောင်ကာ ”(၄၉)နှစ်မြောက် ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့် မေခ-မလိခမြစ်ဆုံအား ဖျက်ဆီးကာ ရေကာတာတည်ဆောက်ခြင်းကို ကန့်ကွက်ဆန္ဒပြပွဲတရပ် ကျင်းပပြုလုပ်ခဲ့ကြပါသည်။
အခမ်းအနားကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်ကို KNO-Japan၏ ဥက္ကဋ္ဌ ဦးပီတာ ဘရန်းဆိုင်းမှ ရှင်းလင်းပြောကြားခဲ့ပါသည်။ ကချင်အမျိုးသားအစည်းအရုံး၏ ထုတ်ပြန်ကြေငြာချက်ကို ဦးဘရန်မိုင်မှ ဖတ်ကြားသွားပါသည်။

ထုတ်ပြန်ကြေငြာချက်၌ ကချင်တမျိုးသားလုံး၏ မူလကိုယ်ပိုင်အခွင့်အရေးနှင့် တန်းတူအခွင့် အရေးရရှိနိုင်ရန်အတွက် တော်လှန်ရေးတွင် အသက်သွေးချွေး စတေးခဲ့ကြသော သူရဲကောင်းများကို ဂါရ၀ ပြုထားသလို တော်လှန်ရေးခရီးမှာ ဆင်းရဲဒုက္ခမြောက်များစွာရင်ဆိုင်ခဲ့သော်လည်း အမျိုးသား လွတ်မြောက်ရေးကိုဦးတည်ပြီး ကြိုးစားထမ်းဆောင်နေကြသော ကချင်ပြည်လွတ်မြောက်ရေး တပ်မတော် (KIA) အား ဂုဏ်ပြု ကြိုဆို ထားသည်ကိုတွေ့ ရပါသည်။

အဆိုပါထုတ်ပြန်ကြေငြာချက်၌ မေခ-မလိခမြစ်ဆုံအားဖျက်ဆီးကာ ဧရာဝတီမြစ်ဆုံ ရေကာတာတည်ဆောက်ခြင်းကြောင့် အိုးအိမ်ခြံမြေများကို အတင်းဓမ္မသိမ်းယူပြီး ဘေးပတ်ဝန်းကျင်ရှိကျေးရွာများအား အတင်းရွေ့ပြောင်းစေခြင်းအား အမြန်ဆုံးရပ်တန့်ပေးရန်နှင့် (၄၉)နှစ်မြောက်ကချင်တော်လှန်ရေးနေ့တွင် ကချင်တမျိုးသားလုံး ကိုယ်ပိုင်အခွင့်အရေးနှင့် တန်းတူအခွင့်အရေးရရှိရန်အတွက် တော်လှန်ရေးတွင် အသက်သွေးချွေးစတေးကာ စွန့်လွှတ်အနစ်နာခံပေးဆပ်သွားကြသော မျိုးချစ်သူရဲကောင်းတို့အား ဂါရဝပြုအပ်ပါကြောင်း ရေးသားဖော်ပြထားပါသည်။

မွှန်းလွှဲပိုင်း(၃)နာရီမှ(၄)နာရီအထိကျင်းပခဲ့သော အဆိုပါအခမ်းအနားကို ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေကြသော အဖွဲ့အစည်းပေါင်းစုံမှ တက်ရောက်ခဲ့ကြပြီး၊ တာဝန်ရှိသူများက ဧရာဝတီမြစ်ဆုံရေကာတာတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ကန့်ကွက်ကြောင်းနှင့် ပတ်ဝန်းကျင်ကျေးရွာရှိ ဒေသခံများသာ လူ့အခွင့်အရေးဆုံးရှုံးကာ နစ်နာရကြောင်းများကို ပြောကြားခဲ့ကြပါသည်။
(၄၉)နှစ်မြောက် ကချင်တော်လှန်ရေးနေ့ ကချင်အမျိုးသားအစည်းအရုံး ထုတ်ပြန်ကြေငြာချက်ကို မြန်မာ့အကောက်ခွန်ရုံးသို့ပေးပြီး၊ ကြွေးကြော်သံများဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
နန်းအိမွန်ချစ်

(ဓါတ်ပုံများကို http://pnsjapan.blogspot.com/ မှကူးယူဖော်ပြခြင်းဖြစ်ပါသည်) Read More!

ရန်ကုန် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ဓာတ်မှန်ဆောင် သိန်း ၂၀၀ အကုန်အကျခံ ဆောက်မည်


ရန်ကုန်နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သိန်း(၂၀၀)ကျော်အကုန်အကျခံကာ ကုသိုလ်ဖြစ်ဓာတ်မှန်ဆောင်တစ်ခုအား တိုးချဲ့ဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ ဓာတ်ခွဲခန်းဆောက်အအုံအား ခိုင်ရွှန်းလဲ့ရည်မိသားစု လှူဒါန်းထားသော သိန်း(၁၀၀)နှင့် မတည်တည်
ဆောက်သွားမည်ဖြစ်သည်။

အဆိုပါဓာတ်မှန်ဆောင်အားနာရေးကူညီမှုအသင်းရုံးအတွင်း၌ အလျားပေ၂၀၊ အနံ ၂၅ ပေအကျယ်အဝန်းရှိ တစ်ထပ်အဆောက်အအုံအား ဖေဖော်ဝါရီလကုန်ပိုင်းတွင် စတင်ဆောက်လုပ်သွားမည်ဖြစ်ပြီး၊ ယင်းအဆောက်အအုံအတွင်း၌ ဒေါ်လာနှစ်သောင်းခွဲတန်ဖိုးရှိ ဓာတ်မှန်စက်ထားရှိသွားမည်ဖြစ်ကြောင်းသိရသည်။ သုခကုသိုလ်ဖြစ်ဆေးခန်းမှ လက်ရှိတွင်ဓာတ်မှန်ရိုက်ကူးရန်လိုအပ်သောလူနာများအားပြင်ပတွင်သွားရောက် ရိုက်ကူးရပြီး ကျသင့်သောငွေကြေးပမာဏအား ပြန်လည်ပေးအပ်လျက်ရှိရာ ဓာတ်မှန်ခန်းပြီး
စီးသည့်အခါတွင်လူနာများအား တစ်နေရာတည်းတွင် အဆင်ပြေမည်ဖြစ်ကြောင်းနာရေးကူ
ညီမှုအသင်းမှသိရသည်။

နာရေးကူညီမှုအသင်း၌သုခကုသိုလ်ဖြစ်ဆေးခန်းအား ၂၀၀၇ ခုနှစ်၊ မတ်လ ၂ ရက်မှစ၍ဖွင့်လှစ်ခဲ့ပြီး ချို့တဲ့၍ အရေးပေါ်ခွဲစိတ်ကုသရန်လိုအပ်သော ကိုယ်ဝန်ဆောင်မိခင်များအား ခွဲစိတ်ကုသရန် ကူညီပေးခြင်း၊ မည်သည့်ရောဂါမဆို ကျား-မမရွေး ရုတ်တရက်ခွဲစိတ်ရန်လိုအပ်သော ချို့တဲ့နွမ်းပါးသောလူနာများအား ခွဲစိတ်ခန်းစရိတ်လှူဒါန်းခြင်း၊ မျက်စိ၊ အရိုးအကြော၊ အရေပြား၊ ကင်ဆာ၊ အပ်စိုက်ကုသရန်လိုအပ်သောလူနာများအား အပ်စိုက်ကုသပေးခြင်း စသည့်ရောဂါများအား အထူးကုဆရာဝန်ကြီးများ၊ သမားတော်ကြီးများ ၄၀ ကျော်နှင့် သူနာပြုဆရာမခြောက်ဦးတို့က အလှည့်ကျတစ်နေလျှင် လူနာပေါင်း ၂၅၀ ခန့်အား အခမဲ့ကုသပေးလျက်ရှိကြောင်း ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ (၄)ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင်ဖော်ပြထားပါသည်။

Read More!

မင်းသားကျော်သူ၏ ရှင်းတမ်း

ရှက်ဖို့ကောင်းလှသည် . . . ။

ကျွန်တော်တို့ မြန်မာလူမျိုးတွေ . . . အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲဆံပင်ကောင်းမှုများ ပင် ဖြစ်တော့ သည်။ ဘာသာခြားများ၊ တိုင်းတစ်ပါးမှ နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီးဖြစ်နေမည်။

မြန်မာလူမျိုးများ ကမ္ဘာတွင် ဟာသလူမျိုးဖြစ်ကုန်မည်ကို စိုးရွံ့မိသည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ အယူသီးမှု၊ အစွဲအလန်းကြီးမှုများကို ကျွန်တော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။ သို့သော် ကျွန်တော်တို့နှင့် ယခုတိုင် အချို့သောသူတို့သည် ပြဒါးတစ်လမ်း . . . သံတစ်လမ်း၊ ဆန့်ကျင်ဘက်အနေအထာပင် ဖြစ်နေသေးသည်။ သူတို့ထံမှ တီးတိုးပြောသံများ၊ အကြံဥာဏ် ပေးသံများ၊ ဆရာကြီးလုပ်သံများ၊ အတင်းအဖျင်းပြောသံများ၊ ရှုတ်ချသံများ၊ မချေမငံပြောသံများ စသည့် လူမှုရေး တိုက်ခိုက်သံ၊ အယူသီးမှုစကားလုံးများ ယနေ့တိုင် မကြာမကြာ ကြားနေရဆဲပင် ဖြစ်သည်။

ရှေးလူကြီးများ စကားမပယ်ဖျက်ကောင်းဘူးတဲ့ . . . ဒါက သူတို့နောက်ဆုံး အနိုင်ယူတဲ့ စကားလုံး။ ဒီတော့ . . . ကျွန်တော် ရှင်းပြီ၊ ရှင်းရပြီ . . . ရှင်းပြီဆိုသော်ငြားလည်း ကျွန်တော် ရေးခဲ့ဘူးသော ‘ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်’ ဟူသောစာစုမှ ကျွန်တော်တို့၏ လူမှုရေးလမ်းပြ ကြယ်ဖြစ်သော ဆရာတော်ကြီးဘဒ္ဒန္တ ဦးတိက္ခ၏ ဟောကြားချက်စကားများမှ စရတော့မည်။

အမျိုး၊ ဘာသာ၊ သာသနာအတွက် မြတ်စွာဘုရားရှင်သည် ကောင်းတာလုပ်လျှင် ကောင်းကျိုးပေးမည်။ မကောင်းတာလုပ်လျှင် မကောင်းမှုများရမည် ဟူ၍ ဟောကြားခဲ့သည် မဟုတ်ပါလား . . . ။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာသုံးပါးကို ကြည်ညိုလေးစားဦးခိုက်ကြသော်လည်း ကံနှင့်ပတ်သတ်၍ ယုံကြည်မှုအားနည်းမှုများကို တွေ့ရသည်။

လူအများစုသည် နာရေးကိစ္စများကို အယူသီးကြသည်။ နာရေးကြောင့် စီးပွားပျက်တယ်၊ လူသေတတ်တယ်၊ ထိခိုက်နစ်နာမယ်၊ ပျက်စီးဆုံးရှုံးတတ်၊ နိမိတ်မကောင်းမှုတွေ ဖြစ်တတ်တယ်ဟူ၍ ရှေးဘိုးဘေးဘီဘင် လက်ထက်ကတည်းက အယူသီးမှုများ၊ အရိုးစွဲမှုများ၊ အမှားစွဲမှုများ ရှင်သန်လာခဲ့ကြသည်။

လူတော်တော်များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အထိအတွေ့ဟူသော အာရုံငါးပါးထဲတွင် နစ်မွန်းနေကြသည်။ မိမိကိုယ်မိမိတို့ သုဘ (သို့မဟုတ်) မင်္ဂလာဟု သတ်မှတ်နေကြသည်။

အမှန်မှာ . . . ရှင်သူ၊ သေသူတို့အားလုံးသည် အသုဘများ (သို့မဟုတ်) အမင်္ဂလာများပင် ဖြစ်တော့သည်။

အဘယ့်ကြောင့်ဆိုသော် . . . ရေမချိုးဘဲနှင့် ဆယ်ရက်ခန့်နေကြည့်လျှင် မိမိခန္ဓာမှ အပုပ်နံ့များထွက် လာမည်။ ဒွါဒခြောက်ပါးမှ အနံ့အသက်မျိုးစုံထွက်နေတော့မည်။ ရုပ်တရား၊ နာမ်တရားအားလုံးသည် အသုဘချည်းပင် ဖြစ်သည်။ မည်သည့်အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။

မြတ်စွာဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့သွင်းလျှင် ‘ခိုက်သည်’ ဟူ၍ မဟောကြားခဲ့ပါ။

စဉ်းစားစေချင်သည် . . . ရပ်ကွက်၊ အိမ်ပြင်ပတွင် ဆုံးသွားပါက (ရပ်ကွက်) အိမ်ထဲသို့ အသွင်းမခံကြ၊ သွင်းလျှင် ရွာနာတယ်၊ အရပ်နာတယ်၊ အိမ်သူအိမ်သားတွေ ခိုက်တယ်ဟူ၍ မည်သည့်ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံးနီးပါး အယူသီးမှုများက လွှမ်းခြုံနေမှုကို ခံနေရသည်။

ဒါဆို . . . ကျွန်တော်မေးတော့မည်။
လူမသာကြတော့ ရပ်ကွက်ထဲ၊ အိမ်ထဲမသွင်းကောင်းဘူးတဲ့ . . .။ အဲဒါဆိုလျှင် တိရစ္ဆာန်မသာများကြတော့ ဘာဖြစ်လို့ အိမ်ထဲသွင်းကြသနည်း။ သက်ရှိလောကကြီးထဲတွင် လူသာလျှင်၊ အမြတ်ဆုံး ဖြစ်သည်လို့ ပြောကြပြီး မည်သည့်အတွက် . . . နံနက်ဖက်ဈေးကပြန်လာလျှင် သူ့ထက်ငါ အလုအယက် ငါကတော့ ကြက်သားစားနိုင်တယ် . . . ငါကတော့ ဝက်သားစသဖြင့် အပြိုင်အဆိုင်ဈေးဝယ်လာပြီး ဂုဏ်ယူဝင့်ကြွားစွာ နေအိမ်ထဲသို့ တိရစ္ဆာန် မသာများကိုထည့်ပြီး . . . ခုတ်ထစ်ဆေးကြော၊ ကြော်လှော်၊ ချက်ပြုတ်ပြီး မိမိတို့ရဲ့ပါးစပ်ထဲသို့ တိရစ္ဆာန်မသာများကို ဘာကြောင့်ထည့်ကြသနည်း . . . ။ အရိုးများကို နူးနေအောင် ချက်ပြုတ်၍ ဝါးကြသည်မဟုတ်ပါလား။

ဒါကြောင့် . . . လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သချိင်္ုင်း
လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသဂြိင်္ုလ်စက်ပင် ဖြစ်တော့သည်။


တိရစ္ဆာန်မသာကျတော့ မိမိတို့ဝမ်းဗိုက်ထဲသို့ထည့်ပြီး လူမသာကျတော့ အိမ်ထဲ (ရပ်ကွက်) ထဲသို့အသွင်းမခံမှု တို့သည် အဆိုးဝါးဆုံးသော အယူသီးမှု၊ မိစ္ဆာဒိဋ္ဌိအယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။

တစ်ဖန် လူသေသွားလျှင် အိမ်နောက်ဖေးသယ်သွား၊ တံစက်မြိတ်ရေ လက်ပြန်ရေနှင့် ရေချိုးပေး၊ အဝတ်အစားဝတ်၊ သနပ်ခါးလိမ်း၊ ဆံပင်ထုံးပေး၊ နှုတ်ခမ်းနီဆိုးပေး၊ ပန်းပန်ပေးနှင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက်ပြနေတော့သည်။ အလောင်းလှအောင်လုပ်တာတဲ့။ ပြုံးပြုံးလေးသေမှ အလောင်းလှတာတဲ့။ နောက်မှ ခေါင်းကဆံပင်ကိုဖြတ်၊ ခြေထောက်နှစ်ချောင်းကိုတုပ်တော့သည်။ အိမ်မှာ နှစ်ညတောင် ထားရဦးမှာဖြစ်တဲ့ အတွက်တဲ့ဗျာ . . . ။ သေတာတောင် အချုပ်အနှောင်ခံရတဲ့ဘဝ . . . ။

ထို့နောက် သေသူနှင့် ပါးစပ်ထဲ မတ်စေ့ (ယခုခေတ်တွင်တော့ မရနိုင်တော့) ထည့်သည့် ‘ကူးတို့ခ’ ဟုဆိုကြပြန်သည်။ အသက်မရှိသော ခန္ဓာနှင့် ဘယ်ကားကို တစ်မတ်ပေးစီး၍ ဘယ်ကိုသွားမည်နည်း . . . ။

တစ်ချို့က ပါးစပ်ထဲ ထည့်ထားသည့် မတ်စေ့ကို အတင်းနှိုက်ပြန်သည်၊ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့လေ။

အလောင်းးကို အိမ်ကထုတ်တော့ . . . ခြေကမထုတ်ရဘူး၊ ခေါင်းကမထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံကို မထိရဘူး၊ လှေကားက မဆင်းရဘူး စသဖြင့် ‘ဘူး’ များပဲ့တင်ထပ်နေတော့သည်။ နောက်ထပ် ကြေးစည်ထု၊ ကနားဖျင်းဖျက်ခြင်း လုပ်တော့သည်။ နောက်နိဗ္ဗာန်ယာဉ်ပေါ်သို့ အလောင်းတင်သော် ရေအိုး ကို ခွဲတော့သည်။ မင်းနဲ့ငါတို့ အိုးစားကွဲပြီ၊ အိမ်ပြန်မလာနဲ့ ဟုဆိုသည်။ နောက်ငိုကြ၊ ယိုကြ၊ မသွားရဘူး၊ ခေါ်မသွားရဘူး၊ ပစ်သွားပြီလား စသဖြင့် အယူစွဲ၊ အယူသီးမှုများ လွှမ်းခြုံနေကြသည်။ သုဿန်ရောက်သော် အခေါင်းထဲမှ ပန်းတစ်ပွင့်ကိုယူ၍ ယူသည့်လူက စကားမည်သူ့ကိုမျှမပြောတော့ချေ။ သေသူရဲ့လိပ်ပြာကို ပြန်ခေါ်တာတဲ့။ အိုးစားကွဲလိုက်ကြ၊ ပြန်ခေါ်လိုက်ကြ၊ ခြေထောက်ကို တုပ်နှောင်လိုက်ကြ၊ ငိုလိုက် ကြနဲ့ သေသူကို မီးသဂြိင်္ုလ်စက်ထဲသို့ ထည့်မည့်အစား ထိုသူများကို စိတ်ရောဂါ အထူးကုဆေးရုံသို့ပင် ပို့ရမလိုဖြစ်တော့သည်။

သေဆုံးသူ၏ လုံချည်၊ အကျီင်္၊ ခြင်ထောင်၊ မွေ့ယာများကို ခိုက်မှာစိုး၍ ခန်းစီးစများချုပ်၍ ဘုန်းကြီးကျောင်း ကိုပို့ကြသည်။ ကုသိုလ်ရအောင် ဘုန်းကြီးကျော်းတွင် ချိတ်ခိုင်းဆွဲခိုင်းတော့သည်။ ဒါဆို ဘုန်းကြီးတွေ ကျတော့ ခိုက်စေတဲ့လား . . . ? သေဆုံးသွားသူ၏ လက်ဝတ်လက်စား၊ ဆွဲကြိုး၊ လက်စွပ်များကြတော့ ခိုက်မှာစိုး၍ ဘုန်းကြီးကျောင်းကို မလှူကြတော့ဘူးလား၊ ဘယ်ရောက်ကုန်ပါလိမ့် . . . ?

နာရေးယာဉ် (နိဗ္ဗာန်ယာဉ်) ကိုလည်း ရပ်ကွက်ထဲဝင်လျှင် ဟိုဖက်ကဝင်၊ ဒီဖက်ကမဝင်ရဘူးစသဖြင့် တားမြစ်သူတွေ၊ မိမိအိမ်ရှေ့တွင် မော်တော်ယာဉ်ခေါင်းလာလှည့်တာကို မလိုချင်၊ နိဗ္ဗာန်ယာဉ်မောင်းသည့် ယာဉ်မောင်းများလည်း ယခင်ကမကြာခဏ လက်သီးနှင့်အထိုးခံရမှုများရှိခဲ့သည်။ လမ်းထိပ်တွင် ကန်တော့ပွဲထိုးပေးခဲ့ရသည်လည်း ရှိသည်။ ဒီလမ်းက နိဗ္ဗာန်ယာဉ်မဝင်ရ၊ မသွားရတဲ့လမ်း စသဖြင့် တားမြစ်နယ်မြေများလည်း ရှိခဲ့သည်။ ရှိနေဆဲပင် . . . ။ ကောင်းပြီ။ ဒါဆိုရင် အဲဒီ့လမ်းကလူတွေက မသေတော့မဲ့သူတွေများလား . . . ? ။သေခဲ့သည်ရှိသော် မိမိအိမ်မှ လမ်းထိပ်သို့ မိမိတို့ ကိုယ်တိုင်သယ်ပိုပြီး ‘မ’ချမည်တဲ့လား . . . ? ။ နောက် . . . နိုင်ငံရပ်ခြားတွင် သေဆုံး၍သေဆုံးသူ၏ ခန္ဓာကိုယ်အား မြန်မာပြည်တွင် သဂြိင်္ုလ်ချင်၍ ပြန်သယ်လာသော အလောင်းများသည် လေယာဉ်ဖြင့် သယ်ဆောင်လာရခြင်းဖြစ်သည်။ ထို့ကြောင့် လမ်းထဲမဝင်ရဘူး၊ ဟိုဘက်က မထွက်ရဘူး၊ ဒီဘက်က မဝင်ရဘူး၊ အိမ်ရှေ့ကားမကွေ့ရဘူး စသဖြင့် ပြောနေသူများ စဉ်းစားကြည့်စေချင်သည်။ မိမိတို့ ဦးခေါင်းထက် မိမိတို့၏ နေအိမ်ထက်မှ နေ့စဉ်အလောင်းတင် လေယာဉ်ပျံများ ဖြတ်သန်းနေဆဲ၊ ပျံသန်းနေဆဲပင် ဖြစ်တော့သည်။ နိဗ္ဗာန်ယာဉ်ဝင်တာကိုတော့ မကြိုက်ကြ၊ နိဗ္ဗာန်ယာဉ်ကိုမြင်ကြလျှင်တော့ မိမိတို့၏ ပိုက်ဆံအိတ်များကို ပုတ်ကြကာ လဘ်ရွှင်လို့လား . . . စဉ်းစားကြပါ . . . ။ သိပ်ရှက်ဖို့ကောင်းနေပါပြီ။

မိမိတို့၏ စိတ်ဓာတ်များ၊ ခံယူချက်များ၊ အယူသီးမှုများကို ပြန်လည်ပြုပြင်စေလိုပါသည်။ ပြဒါးတစ်လမ်း . . . သံတစ်လမ်း မဖြစ်သင့်တော့ပါ။

ကိုယ့်စိတ်ကို ပြန်စစ်ကြည့်စေချင်သည်။
မှားလား . . . မှန်လား။
မှန်လား . . . မှားလား ဆိုတာ။
မှားရင် . . . ပြင်။
မှန်ရင် . . . ဆက်လုပ် ဖို့က အားလုံးရဲ့တာဝန်ဖြစ်တော့သည်

ကျွန်တော် စကားလုံးများနှင့် ရှင်းပြရသည်မှာ များလှပါပြီ။ ထို့ကြောင့် . . . ယခုလူမှုရေးလုပ်ငန်း (နာရေးကူညီမှု) တွင် အယူသီးမှု၊ အရိုးစွဲမှု၊ အမှားကို လက်ခံနေမှုများကို တိုက်ဖျက်ကြသော သူရဲကောင်း လူပုဂ္ဂိုလ်များ၏ အကြောင်းအရာ၊ သက်သေခံဓာတ်ပုံများနှင့်တကွ ထပ်မံရှင်းပြပါတော့မည်။

နံပါတ် (၁) ကိုချိုသန်း + မမိုးစန္ဒာ
ကိုချိုသန်း + မမိုးစန္ဒာ

သူတို့၏ မင်္ဂလာနေ့ရက်၊ မင်္ဂလာရှိသောအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်ခန်းမတွင် မင်္ဂလာအခန်းအနားပြုလုပ်ပြီးချိန်တွင် သူတို့၏ ရဲရဲတောက်တောင်းဆိုချက်ကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ နာရေးလမ်းကြောင်းတွင် မင်္ဂလာဝတ်စုံနှင့်တကွ မင်္ဂလာရှိစွာဖြင့် ကုသိုလ်ယူခဲ့သည်။

နေ့ရက် ။ ။ ၉ - ၁၂ - ၂၀၀၆ ခုနှစ်
နေရာ ။ ။ မြောက်ဥက္ကလာပခန်းမ
ကုသိုလ်ယူသည့်လမ်းကြောင်း ။ ။ တောင်ဒဂုံမြို့နယ်မှ ထားဝယ်ချောင်သုဿန်
မြောက်ဒဂုံမြို့နယ်မှ ထားဝယ်ချောင်သုဿန်သို့




နံပါတ် (၂) မောင်ပြည့်ဖြိုးအောင် + မနှင်းနွယ်ဝင့်
မင်္ဂလာနေ့ရက် ။ ။ ၆ - ၁ - ၂၀၀၇ ခုနှစ်

သူတို့၏ မင်္ဂလာနေ့ရက်၊ မင်္ဂလာရှိသောအချိန်၊ မင်္ဂလာရှိသောနေရာ ဆီဒိုးနားဟိုတယ်ကြီးတွင် ကျင်းပသော သူတို့ မင်္ဂလာဆောင်၏ဖိတ်စာထဲတွင် လက်ဖွဲ့မည့် ချီးမြှင့်ထောက်ပံ့မှုများကို လူမှုရေး အသင်း (၁၁) သင်းအား မိမိတို့စိတ်ကြိုက် နှစ်သက်ရာအသင်းအဖွဲ့သို့ လှူဒါန်းပေးပါရန်ဟူ၍ ပုံနှိပ်ကာ အစွဲအလန်းထုံးစံများကို တိုက်ဖျက်၍ အယူသီးမှုတိုက်ဖျက်ရေးမှတ်တိုင်ကို ထူခဲ့ပါသည်။ ယင်းအခမ်းအနားတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) အတွက် အလှူငွေ (၁၀) သိန်းနီးပါး ရရှိခဲ့ပါသည်။
(မှတ်တမ်းဓာတ်ပုံနှင့် နဂ္ဂတစ်ဖလင်များသည် နာဂစ်မုန်တိုင်းဒဏ်ကြောင့် အသင်းအဆောက်အဦး ပျက်စီးမှုနှင့်အတူ ပါသွားပါ၍ ခွင့်လွှတ်ပါရန်။)

နံပါတ် (၃) ကိုသိန်းဇော် + မသန်းသန်းအေး
ကိုသိန်းဇော် + မသန်းသန်းအေး

သူတို့လင်မယားသည်လည်း ရဲရဲတောက် လူမှုရေးသမားများပင် ဖြစ်တော့သည်။ သူတို့သည်လည်း ရေဝေးသုဿန်အနားရှိ နေအိမ်တွင် မင်္ဂလာပွဲကိုလုပ်၍ မင်္ဂလာရက်မြတ်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ လမ်းကြောင်းကို လိုက်လံကုသိုလ်ယူလုပ်အားပေးခဲ့ကြသည်။

နေ့ရက် ။ ။ ၂၈ - ၂ - ၂၀၀၈ ခုနှစ်
နေရာ ။ ။ ရေဝေးသုဿန်အနီးရှိ နေအိမ်
ကုသိုလ်ယူသည့်လမ်းကြောင်း ။ ။ တောင်ဒဂုံမြို့နယ်မှ ကြည်စုသုဿန်
သုဝဏ္ဏမှ ရေဝေးသုဿန် (အအေးခန်း)

နံပါတ် (၄) ကိုဖိုးချို + မဝင်းဝင်းဇော်

သူတို့ဇနီးမောင်နှံသည်လည်း အယူသည်းမှုတိုက်ဖျက်ရေး ရဲရဲတောက်ဇနီးမောင်နှံပင် ဖြစ်သည်။ သူသည် ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးခွဲတွင် မင်္ဂလာအခန်းအနားကျင်းပပြီး မင်္ဂလာရက်မြတ်တွင် ကုသိုလ်ဖြစ် နာရေး လိုက်လံပို့ဆောင်ခဲ့သည်။

နေ့ရက် ။ ။ ၁၈ - ၁၁ - ၂၀၀၇ ခုနှစ်
နေရာ ။ ။ ရေဝေးသုဿန်အနီး
ကုသိုလ်ယူသည့်လမ်းကြောင်း ။ ။ ရန်ကုန်ဆေးရုံကြီးမှ ရေဝေးသုဿန်

နံပါတ် (၅) ကိုဘိုဘို + မပွင့်ဖြူနှင်း

သူတို့သည်လည်း နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဝန်ထမ်းတစ်ဦးဖြစ်သည်။ သူတို့သည်လည်း မင်္ဂလာပေါ်မင်္ဂလာထပ်သည်နှင့်အညီ ဧည့်ခံပွဲပြီးပြီးချင်း နာရေးကူညီမှုကိစ္စများကိုလိုက်လံကုသိုလ်ယူကြသည်။

နေ့ရက် ။ ။ ၁၁ - ၁၁ - ၂၀၀၉ ခုနှစ်
နေရာ ။ ။ ဗြဟ္မဝိဟာရစာသင်တိုက် (သင်္ဃန်းကျွန်း)
ကုသိုလ်ယူသည့်လမ်းကြောင်း ။ ။ ဂျပန်ဆေးရုံမှ ရေဝေးသုဿန်
မင်္ဂလာတောင်ညွန့်မှ ရေဝေးသုဿန်






ထို့ကြောင့် . . . သူတို့ . . . သူတို့သည် တစ်သက်တစ်ခါ မင်္ဂလာ၊ မင်္ဂလာပေါ်တွင် မင်္ဂလာထပ်သည့် တကယ့်မွန်မြတ်သည့် အလှူပွဲ၊ ကုသိုလ်ပွဲကို ဆင်နွှဲခဲ့ကြသူများ ဖြစ်တော့သည်။

သို့သော် . . . အောက်ပါဓါတ်ပုံအတိုင်း အယူသီးမှုများ၊ တားမြစ်မှုများ၊ ဟန့်တားမှုများ၊ တိုက်ခိုက်မှုများ၊ ဖျက်ဆီမှုများ ရှိနေဆဲပင်။

ဒါကြောင့် . . . ပြဒါးတစ်လမ်း . . . သံတစ်လမ်းဖြစ်နေမှုများကို

ကိုယ့်စိတ် . . . ကိုယ်စစ်
ကိုယ့်လမ်း...ကိုယ်သွား
ကိုယ့်အလုပ် . . . ကိုယ်လုပ်
ကိုယ့်တာဝန် . . . ကိုယ်ကြေ
ကိုယ့်သမိုင်း...ကိုယ်ရေးကြ
ရမှာဖြစ်သည့်အတွက်
မှားလား . . . မှန်လား
မှန်လား . . . မှားလား
မှားရင်ပြင်၊ မှန်ရင်ဆက်လုပ်ကြဖို့ လိုတယ်။

မည်သို့ဖြစ်စေကာမူ . . . ကျွန်တော်နှင့် ကျွန်တော်၏ သွေးသောက်များသည်ကား ဗိုလ်ချုပ်ရဲ့စကား၊ ဆရာတော်ကြီးရဲ့ သြဝါဒဆုံးမစကားအတိုင်း ရှေ့သို့ရဲရဲချီတက်ကြမည် ဖြစ်ကြောင်း။

“လောကဓံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီနေ၏။
သို့သော် . . . ညွှတ်ကားမညွတ်”။
(ဗိုလ်ချုပ်အောင်ဆန်း)

“လူ့ဘုံထုံးစံ၊ ကဲ့ရဲ့ဒဏ်ဖြင့်၊ ရန်မာန်ပိတ်သည်း၊ ခရီးခဲ၌
စိတ်ဇွဲသန်သန်၊ နောက်မပြန်ဘဲ၊ ရဲမာန်ရဲဆေး၊ ရဲစိတ်မွေးလျက်၊ ရဲသွေးနီနီ
စီရရီဖြင့်၊ ဦးတည်မပျက်၊ ရှေ့သို့ဆက်လော့။”
(မဟာဂန္ဓာရုံဆရာတော်ကြီး၊ အမရပူရ)


ဒါကြောင့် . . . ဒါတွေ . . . ဒါတွေဟာ အားလုံးအတွက်
လူသားတိုင်းအတွက်
တစ်တိုင်းပြည်လုံးအတွက်
တကမ္ဘာလုံးအတွက်. . .
အယူသီးမှုတိုက်ဖျက်ရေး ရဲရဲတောက်
ရှင်းတမ်း ဖြစ်တော့သည်။


ကျော်သူ
Read More!

လူရွင်တော်ကိုမေတ္တာတို့အဖွဲ့ဂျပန်ရောက်ရှိလာပြီ၊ စီစဉ်ထားသည့်အတိုင်း အားလုံးကိုပျော်ရွင်စွာဖျော်ဖြေမည်ဟုဆို

တိုကျို၊ ဖေဖေါ်ဝါရီ ၎
သန့်မျိုးထွေး
လွန်ခဲ့သည့်အပါတ်အတွင်းက တိုကျို၊ အီကဲဘုကုရိုးရှိ ဟောကိုင်းဒိုးခန်းမတွင် Tokyo Sakura ပျော်စရာအငြိမ့်ခန်းကိုဖျော်ဖြေတင်ဆက်ရန်စီစဉ်ထားခဲ့သော်လည်း ရန်ကုန်လေဆိပ် အထွက်တွင် သက်ဆိုင်ရာမှထွက်ခွာခွင့်မပြုခဲ့သည့်အတွက် ပွဲရက်ကိုရွေ့ဆိုင်းထားခဲ့ရသော လူရွင်တော်ကိုမေတ္တာတို့အဖွဲ့ ယနေ့မနက်ပိုင်းတွင် တိုကျိုမြို့၊ နာရီတာလေဆိပ်မှတဆင့် ဂျပန်နိုင်ငံအတွင်းသို့ ၀င်ရောက်လာခဲ့ပြီဖြစ်ကြောင်းသိရသည်။

"ကျနော်လူရွှင်တော်ဖြစ်လာရတာက ပရိတ်သတ်ကမြှောက်စားလို့ ဆပ်ပြာ ကောင်းလို့ ခေါင်းပေါင်းဖြူ တာပါ၊ ဆပ်ပြာကောင်းလို့ ခေါင်းပေါင်ဖြူလာပြီး လူရွင် တော်ဖြစ်လာတဲ့ ကျနော်မေတ္တာဟာ ဂျပန်မှာရှိနေတဲ့ မြန်မာပရိတ်သတ်တွေကို အားပါးတရဖျော်ဖြေချင်ပါတယ်၊ ပရိတ်သတ်ဆိုတာ အဖြူမပါ၊ အမဲမပါ၊ အရောင်မပါပါ၊ မြန်မာလူမျိုးတွေကို အမြဲချစ်ချစ်ခင်ခင်ပျော်ပျော်ရွင်ရွင်နဲ့ဖျော်ဖြေချင်ပါတယ်…"ဟု ဂျပန်ရောက်စကားဦးအဖြစ် ကိုမေတ္တာ မိုးသောက်ကြယ်သို့ ယခုလိုရှင်းပြပြောဆိုသည်။

အငြိမ့်ပွဲတွင် တင်ဆက်မည့်ပျက်လုံးများနှင့်ပတ်သက်၍ “ကျနော့်တို့်အနေနဲ့ ခေတ်နဲ့အညီ ပျက်လုံးတွေ၊ ပရိတ်သတ်နှစ်သက်မယ့်စကားလုံးတွေကို အပေးအယူမျှမျှနဲ့ တင်ဆက်ဖို့ ပြင်ဆင်ထားပါတယ်။ အထူးသဖြင့် ဂျပန်မှာရှိတဲ့ ပရိတ်သတ်တွေ သဘောကျမယ့် ချိတ်လုံး တွဲလုံးလေးတွေနဲ့ အားပါးတရဖျော်ဖြေမှာပါ။ ဖြစ်နိုင်မယ်ဆိုရင်တော့ ဂျပန်လူမျိုးတွေကိုပါ နားလည်လာအောင် စကားပြန်နဲ့စီစဉ်ပေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ…”ဟုလည်း ဆက်လက်ပြောဆိုသည်။
ကိုမေတ္တာနှင့်အတူ မော့စ်နှင့် ခေါင်းဆောင်မင်းသမီး လင်းဇာနည်ဇော်တို့က ဦးစွာပထမရောက်ရှိလာခြင်းဖြစ်ပြီး မိုးဒီ၊ ခင်လှိုင်နှင့် မိုးပြည့်ပြည့်မောင်တို့ကတော့ မနက်ဖြန်မှရောက်မည်ဟုလည်း သိရသည်။
TOKYO SAKURA ပျော်စရာအငြိမ့်ဖျော်ဖြေပွကို နှစ်ပိုင်းခွဲ၍ ကျင်းပမည်ဟုသိရှိရပြီး ပထမပိုင်းကို မြန်မာပြည်အလွမ်းပြေညပွဲသဘောမျိုး ကပြအသုံးတော်ခံမည်ဟုသိရသည်။
ပထမပွဲကို တိုကျိုမြို့လယ်ခေါင်ရှိ ရှင်ဂျူးကုရပ်ကွက်၊ ကာဘုကိချောရှိ Pink Big Pig ဇတ်ရုံတွင် လာမည့်စနေနေ့၊ ဖေဖေါ်ဝါရီလ(၆)ရက်ညမှ ၁၂ နာရီမှ စတင်၍ ဖေဖေါ်ဝါရီလ (၇)ရက်နေ့ မနက် (၄)နာရီအထိ အားပါးတရမိုးလင်းပေါက်ဖျော်ဖြေတင်ဆက်မည်ဖြစ်သည်။
အခက်အခဲအမျိုးမျိုးကြားမှ ဂျပန်သို့ရောက်ရှိလာခဲ့ပြီးသည့်နောက် အနုပညာရှင်ကောင်းပီသစွာနှင့် မည်သို့ပင်ဖြစ်ခဲ့ပါစေ ကောင်းမွန်သောစေတနာဖြင့် အားလုံးကိုပျော်ပျော်ရွင်ရွင်ဖြစ်စေလိုပါကြောင်းနှင့် ပွဲကြည့်သူများကိုလည်း တိုက်တန်စွာဖြင့် တင်ဆက်အသုံးတော်ခံသွားမည်ဖြစ်ကြောင်း တိုကျိုဆာကူရာအငြိမ့်အဖွဲ့ခေါင်းဆောင်လည်းဖြစ်သော လူရွင်တော်ကိုမေတ္တာမှပြောပြသည်။
"အားလုံးကိုပျော်ပျော်ရွင်ရွင်ဖြစ်စေချင်တဲ့ဆန္ဒဘဲရှိပါတယ်ခင်ဗျာ"ဟု ပွဲအကြိုအဖြစ် ပရိတ်သိတ်အပေါ်ထားရှိသောရင်ခုန်သံစကားကို ဆက်လက်ပြောပြသည်။
ပထမပိုင်းအစီအစဉ်ကို မမှီလိုက်၍သော်လည်းကောင်း၊ အငြိမ့်အဖွဲ့ဂျပန်သို့ ရောက်ရှိလာပြီဆိုသောသတင်းကို မသိရှိလိုက်သူများအတွက် ဒုတိယပိုင်းအစီအစဉ်ဖြင့် နောက်ထပ်တပွဲကိုထပ်မံကျင်းပမည်ဟုသိရမည်။
ဒုတိယပွဲမှာ ဂျပန်နိုင်ငံ၏ရုံးပိတ်ရက်ဖြစ်သော ဖေဖေါ်ဝါရီလ(၁၁)ရက်နေ့တွင် နာဂါနိုမြို့နယ်၊ နာဂါနိုဘူတာအနီးရှိ Zero Hall တွင် ညနေ ၇ နာရီမှစတင်၍ည ၁၀ နာရီအထိ ဂျပန်ပရိတ်သတ်ကို အပိတ်နှုတ်ဆက်ဖျော်ဖြေ တင်ဆက်မည်ဖြစ်ကြောင်းသိရပြီး ယခုပွဲတွင် မြန်မာအနုပညာအငြိမ့်ဖျော်ဖြေမှုနှင့် ယဉ်ကျေးမှုပိုင်းကို လေ့လာလိုသော ဂျပန်လူမျိုးများအတွက် ဂျပန်မြန်မာစကားပြန်များကိုထားရှိမည်ဖြစ်ကြောင်းသိရသည်။
Read More!

၆၃ ကြိမ်မြောက် သျှမ်းအမျိုးသားနေ့အထိမ်းအမှတ်ကျင်းပမည်

ဂျပန်နိုင်ငံရှိ သျှမ်းတိုင်းရင်းသားများစုစည်း၍ (၆၃)ကြိမ်မြောက် သျှမ်းအမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရှိရသည်။

အခမ်းအနားကို နှစ်ပိုင်းခွဲ၍ကျင်းပမည်ဖြစ်ပြီး နေ့လယ် ၁ နာရီမှ ၃ နာရီခွဲအထိ ပထမပိုငးအစီအစဉ်ကို သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့(ဂျပန်)SHAN NATIONALITIES FOR DEMOCRACY(JAPAN)မှ တာဝန်ယူကျင်းပမည်ဖြစ်သည်။
နေရာမှာ Ikebukuro အရပ်ရှိ Kumin Center, 6 F တွင်ဖြစ်သည်။

ဒုတိယပိုင်းအစီအစဉ်ကို သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှကြီးမှူး၍ သျှမ်းပြည်နယ်နေ့အထိမ်းအမှတ် မိတ်ဆုံစားပွဲအခမ်းအနားသဘောမျိုး ပြုလုပ်မှာဖြစ်ကြောင်းလည်း သိရှိရသည်။
ကျင်းပမည့်နေရာမှာ မွန်အမျိုးသားနေ့အခမ်းအနားကျင်းပခဲ့သည့် Tokyo, Itabashi-Ku, Oyama Higashi Cho, 51-1< Oyama Green Hall ဖြစ်ပြီး အိခဲဘုခုရို(Ikebukuro)ရှိ Tobu Tojo Line စီး၍ Oyama ဘူတာ မြောက်ဖက်ပေါက်မှ ထွက်ရမည်ဖြစ်ပါသည်။ ကျင်းပမည့်အချိန်မှာ ညနေ ၆ နာရီမှ ၉ နာရီအထိဖြစ်သည်။

ဂျပန်နိုင်ငံရှိ သျှမ်းတိုင်းရင်းသားများစုပေါင်း၍ သျှမ်းပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားကျင်းပလာခဲ့သည်မှာ ၁၇ ကြိမ်ရှိသွားပြီဟုသိရှိရပြီး ယခုနှစ်တွင်လည်း တက်ရောက်လာမည့်ဧည့်ပရိတ်သတ်များကို သျှမ်းရိုးရာယဉ်ကျေးမှုအက၊ သျှမ်းတေးသီချင်းများနှင့်အတူ ရိုးရာအစားအစာများနှင့် တည့်ခင်းဧည့်ခံမည်ဟု သိရှိရပြီး ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအားလုံး မပျက်မကွက် တက်ရောက်ကြပါရန်ဖိတ်ခေါ်ထားကြောင်းလည်းသိရှိရပါသည်။
အသေးစိပ်သိရှိလိုပါက- ၀၈၀ ၂၀၄၈ ၅၈၃၄၊ ၀၉၀ ၃၂၀၈ ၉၁၅၉၊ ၀၉၀ ၈၅၀၈ ၉၂၇၉၊ ၀၈၀ ၃၄၆၅ ၄၀၇၂ သို့ ဆက်သွယ်၍ မေးမြန်းနိုင်ပါကြောင်း.....

Read More!